Burmese Youth Association
Monday, October 19, 2009
Friday, October 16, 2009
BYA's Approved Draft By-law
Please Download Here:
http://www.mediafire.com/file/mzwtjmu4zxt/BYA approved draft Bylaws.doc
BYA Final By-Law will be approved on BYA's 29th meeting to be held on Nov 7, 2009.
(Exact meeting time and place will be announced)
If you want to suggest any changes, please email to Ko Kyaw Kyaw
Thanks you for your participation.
Burmese Youth Association (BYA)
BYA's 2nd Years Annual & 28th Meeting Minutes (by Nant Nandi Kyaw Min)
Thursday, October 15, 2009
Friday, October 9, 2009
Thursday, April 16, 2009
BYA Celebration of Lao New Year Festival
It was fun to perform in Lao New Year Festival because we did represent as Burmese and we had an opportunity to show to the audiences what an enjoyable Burmese Thingyan Dance & Tangyat is.
Wednesday, April 1, 2009
မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား
San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင် ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍ အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့် လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။
သင်တန်းမစမီတွင် သင်တန်းသူ၊ သင်တန်းသားလေးများအား “Burma (သို့) Myanmar” ဟုခေါ်သည့် အမိမြေ အကြောင်း “မည်မျှ သိသနည်း၊ ဘာတွေသိထား သနည်း” ဟု အရင် မေးကြည့်ရာ ကျွန်တော် ဘာဆက်ပြောရမှန်း မသိ ဖြစ်သွား၏။ သူတို့၏ ဖြေပုံလေးတွေကို ကြည့်၊ ကြည့်ပါ။ ‘Very Hot’ တဲ့၊ ‘Dirty’ တဲ့၊ ‘Bad Government’ တဲ့၊ ‘Mosquito’ တဲ့၊ ‘Poor People’ တဲ့၊ ကုန်ရော။ “မင်းတို့ ပြောတာတွေလည်း ဟုတ်ပါတယ်၊ ဒါတွေက နောင် အခြေအနေ အရ ကြိုးစားပြီး ပြုပြင်ယူလို့ ရပါတယ်။ နောက် ကောင်းတာတွေလည်း ပြောပြပါဦး” ဟု တိုက်တွန်းတော့မှ ‘A Lot of Pagodas’ ၊ ‘Friendly People’ ၊ ‘Good Food’ တဲ့။ ကျွန်တော်လည်း အဲဒီတော့မှ “တခြား ကောင်းတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုပြီး မြန်မာပြည်၌ သယံဇာတ နှင့် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပုံ၊ ဇီဝ မျိုးကွဲများ စုံလင်ပုံ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် တိုင်းရင်းသား ပေါင်းစုံ ယှဉ်တွဲ နေထိုင်ကြပြီး ကမ္ဘာ့ အဆင့်မီ Civilization များ ထွန်းကားခဲ့ပုံ၊ ဦးသန့် အစရှိသည့် ကမ္ဘာသိ ထူးချွန်ကျော်ကြားသော မြန်မာများ နှင့် ထူးခြား လှပသော နေရာဒေသများ အကြောင်း စသည်ဖြင့် သူတို့ သိနိုင်အောင် ရှင်းပြမိပါသည်။
ဟုတ်ပါသည်။ ကျွန်တော်တို့၏ အမိတိုင်းပြည်တွင် ကမ္ဘာ့ အံ့ဖွယ် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ် နှင့် သဘာဝ နေရာဒေသ များစွာ ရှိပါသည်။ ကျွန်တော်တို့ ကိုယ်တိုင် မသိကြ၍ နှင့် သူများသိအောင် ပြန်မပြောတတ်၍သာ တိမ်မြုပ် သလို ဖြစ်နေခြင်း ဖြစ်ပါသည်။ တစ်ချို့တော့ ကြားမိလိုက်ကြမည် ထင်ပါသည်။ 2007 July တုန်းက New 7 Wonders အဖွဲ့  ကြီးမှ ကြီးမှူး၍ ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းသစ်ကို ကမ္ဘာ့ လူသား သန်းပေါင်း ရာကျော်၏ Internet ဆန္ဒမဲများဖြင့် ရွေးချယ် သတ်မှတ်ခဲ့ကြရာတွင် မြန်မာပြည်မှ ပုဂံ နှင့် ရွှေတိဂုံ စေတီတော် တို့မှာ Nominate လုပ်မည့်လူပင် မရှိ၍ ဆန်ခါတင် စာရင်း မပြော နှင့် Nominee စာရင်းတွင်ပင် မပါခဲ့ရပါ။ ကျွန်တော်လည်း Yahoo News ထဲတွင် ကမ္ဘာ့ အံ့ဖွယ် နောက်ဆုံး ဆန်ခါတင် (၂၁) နေရာစာရင်း ကို ရွေးချယ်ပြီးကြောင်း သတင်းပါလာတော့မှသာ နောက်ကျစွာ သိခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေရာ၊ အခွင့်အရေးသာ ရခဲ့ပါက ကမ္ဘာ့ အံ့ဖွယ် (၇) သွယ် စာရင်း၌ ထိုက်ထိုက်တန်တန် တစ်နေရာ ရခဲ့လိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။ မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေကြောင်း Internet Search လုပ်ကြည့်လျှင် ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။
ဒါတွေထားပါတော့၊ အသိ နောက်ကျသည့် ကျွန်တော်တို့ ဘာသာပင် အပြစ်တင်ရပါမည်။ ဒါ့အပြင် ယခုအခါတွင် ကျွန်တော်တို့ မြန်မာများ အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ရလာပါပြီ။ ဒါကတော့ New 7 Wonders အဖွဲ့ သည် နောက်ထပ် ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာ မြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ လူသားများသည် ထို (၂၆၁) ခု စာရင်းဝင် နေရာများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်ပြီး မဲ အများဆုံးရသော ထိပ်ဆုံး (၇၇) နေရာ သည်သာ နောက်ဆုံး အံ့ဖွယ် (၇) သွယ်နေရာ အတွက် ထပ်မံ ရွေးချယ်ခံခွင့် ရရှိမည် ဖြစ်ပါသည်။
မြန်မာပြည်၌ စိတ်ဝင်စားဖွယ် သဘာဝနေရာ များစွာရှိသည့် အနက် မြိတ်ကျွန်းစု ကိုမှ သူတို့ ဘာကြောင့် ရွေးချယ်ထား သနည်း ဟု Internet များထဲတွင် လေ့လာကြည့်မိသည်။ အဲဒီတော့မှ လား…၊ လား…၊ ကျွန်တော် မသိခဲ့ဖူးသော မြိတ်ကျွန်းစု၏ အလှနှင့် ထူးခြားချက်များကို အခြား လူမျိုးတို့ ရေးထားတော့မှ သွားသိရသည်။
မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု (World’s Last Archipelago) တဲ့၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်တဲ့၊ ယခင်က ယိုးဒယား နိုင်ငံမှ Similan ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီတဲ့၊ မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို မကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီတဲ့၊ ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ Sea Gypsies ခေါ် ဆလုံ တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါသည်။ အံ့ဖွယ် မြိတ်ကျွန်းစု အတွက်၊ အမိမြေ၏ သဘာဝ အလှအပများ အတွက် ကျွန်တော် ဂုဏ်ယူမိပါသည်။ အကယ်၍ မြိတ်ကျွန်းစုသာ ထိပ်ဆုံး ဆန်ခါတင် (၇၇) နေရာ စာရင်းတွင်သာ အရွေးချယ်ခံရပါက မည်မျှ အားရဖွယ် ကောင်းလိမ့်မည်နည်း ဟုလည်း တွေးတော အိပ်မက် မက်မိပါသည်။
သိပ်တော့ မလွယ်လှပါ။ New 7 Wonders of Nature ရွေးချယ်ပွဲအား လေ့လာကြည့်မိရာ မိမိတို့ နိုင်ငံမှ နေရာများကို အဓိက Vote ကြသည့် ကမ္ဘာ့ နိုင်ငံစုံ မျိုးချစ်စိတ်ဓာတ် ပြိုင်ပွဲသဖွယ် ဖြစ်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်တို့ မြန်မာတွေရော မျိုးချစ်စိတ် မည်မျှ ရှိကြမည် မသိပါ။ လူဦးရေ များပြားလှသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်ပင် သူတို့၏ နိုင်ငံ ကိုယ်စားပြု သဘာဝ အံ့ဖွယ်များကို မဲပေးကြရန် အတွက် အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် အဖြစ် နိုင်ငံပိုင် Media များမှပင် လှုံ့ဆော်နေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံပိုင် Media များကတော့ တခြား အရေးကြီးသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေကြတုန်း ရှိပါဦးမည်။ မကြာသေးမီက တောင်အမေရိကမှ အလည်ပြန်လာခဲ့သော မြန်မာ မိတ်ဆွေ တစ်ဦးကလည်း ပြောပါသည်။ ဘရာဇီး နှင့် အာဂျင်တီးနားမှ လူများသည်လည်း သူတို့၏ နာမည်ကျော် Iguazu ရေတံခွန်ကြီးအား ကမ္ဘာ့ အံ့ဖွယ် အဖြစ် မဲပေးကြရန် ခရီးသွား ဧည့်သည်များကို တိုက်တွန်းသည့် Campaign များ ပြုလုပ်နေကြပြီတဲ့။
ဒီလိုဆို ကျွန်တော်တို့ နိုင်ငံကရော။ ချစ်လှစွာသော အမိမြေ၏ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်မှာ Email နှင့် Internet သုံးရန် မဆိုထားဘိ၊ Computer ပင် ကောင်းကောင်း မကိုင်ဖူးကြရာ မြိတ်ကျွန်းစု အတွက် လိုအပ်သော မဲများရရန် အားလျော့မိပါသည်။ သို့သော် မြန်မာပြည် ပြင်ပ၌ ရောက်နေကြသော မြန်မာ လူမျိုးများ သန်းပေါင်းများစွာ ရှိပါသည်။ အမေရိကား၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဂျမေကာ၊ အာရပ် နှင့် အာဖရိက စသည့် နိုင်ငံများ အားလုံးတို့မှ မြန်မာများ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း မဲပေးကြမည် ဆိုလျှင် ကျွန်တော်တို့၏ အမျိုးသား ရတနာ မြိတ်ကျွန်းစု အတွက် အခွင့်အရေး တစ်ခု ရှိနိုင်ပါသေးသည်။ မိမိတို့၏ အချိန် ၁ မိနစ်ဆို၊ ၁ မိနစ် ကလေးခန့်သာ ကြာပါသည်။ www.new7wonders.com သို့ သွား၍ Asia ၊ Mergui Archipelago (Myanmar) ကို ရွေးလိုက် ရုံသာ ဖြစ်ပါသည်။
ယခုအခါလို မြန်မာလူမျိုးတို့၏ နိုင်ငံ နှင့် အခြေအနေ အဘက်ဘက်မှ နိမ့်ကျနေချိန်တွင် မိမိတို့၏ အမျိုးသား ဂုဏ်ကို မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ် မြှင့်တင်ဖို့ ကျွန်တော်တို့ အားလုံး အားထုတ်သင့်ပါသည်။ မျက်မှောက်ကာလတွင် မြိတ်ကျွန်းစုအား ထိန်းသိမ်း စောင့်ရှောက်ရေးထက် သူဌေးကျွန်း စသည့် နေရာများတွင် ကြယ်ငါးပွင့် ကာဆီနို ရုံကြီးများ ဖွင့်၍ နိုင်ငံခြားငွေ ရရှိရေးကိုသာ အလေးပေးနေရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ၏ အာရုံစိုက် ပံ့ပိုးမှုကိုသာ စောစောစီးစီး မရခဲ့လျှင် မြိတ်ကျွန်းစု၏ အနာဂတ် အတွက် ရင်လေးစရာသာ ဖြစ်တော့သည်။ ပြည်တွင်း၊ ပြည်ပ ဘယ်မှာပဲ ရောက်နေနေ မြန်မာတို့ စုစည်း အင်အားပြကြဖို့ အချိန်ကျပါပြီ။ Email Account (၁) ခု ရှိလျှင် (၁) မဲ ပေး၍ ရပါမည်။ ပြည်ပရောက် မြန်မာတိုင်း၌ မရှိဘူးဆိုလျှင်တောင် Email (၂) ခု၊ (၃) ခု ရှိကြပါသည်။ မြန်မာပြည်၌ Internet မသုံးနိုင်သူပေါင်း သန်း (၅၀) ကျော် ရှိပါသည်။ သူတို့ အားလုံး၏ ကိုယ်စား မိမိတို့၌ ရှိသမျှ Email များဖြင့် Vote ပေးကြပါ။ လူလည်ကျသည် မဟုတ်ပါ။ တခြား လူမျိုးများလည်း ဒီအတိုင်း လုပ်မည် ဖြစ်ပါသည်။ မြိတ်ကျွန်းစုသည် ယခုအခါ (၂၆၁) နေရာ ရှိသည့် အနက် အဆင့် (၁၉၆)၊ ကျွန်းစု အမျိုးအစား အနေနှင့် ဆိုလျှင် အဆင့် (၂၈) ၌သာ ရှိနေပါသည်။ အားလုံး ဝိုင်း Vote ကြလျှင် အဆင့် (၇၇) အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပါလိမ့်မည်။ အချိန် (၃) လခန့်သာ ရှိပါတော့သည်။ အချိန်မဆိုင်းဘဲ ချက်ချင်းသွား၍ Vote ကြစေလိုပါသည်။ ကိုယ်တိုင်လည်း Vote ပါ။ မိသားစု နှင့် သူငယ်ချင်းများကိုလည်း တိုက်တွန်းပါ။ ရှိသမျှ နိုင်ငံစုံမှ မိတ်ဆွေများအားလည်း Email Forward လုပ်ပါ။
ကျွန်တော်တို့ မြန်မာပြည်၏ တိုင်းရင်းသား ပြည်သူများ အတွက်၊ အမိမြေ၏ သဘာဝအံ့ဖွယ် အလှအပ အတွက်၊ ညှိုးနွမ်းနေခဲ့ရသော ကျွန်တော်တို့၏ အမျိုးသား ဂုဏ်သိက္ခာများ အတွက်၊ တောက်ပဆဲ မြန်မာတို့၏ အနာဂတ် အိပ်မက်များ အတွက် သဘာဝ အတိုင်း လှနေသည့် မြန်မာ့ မြိတ်ကျွန်းစု - Mergui Archipelago - ကို ပိုမို ထွန်းပအောင် Vote ပေးကြပါလို့သာ မေတ္တာရပ်ခံ တိုက်တွန်း ရေးသား လိုက်ရပါသည်။ အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။
မောင်ရဲခေါင် (ဆီလီကွန် လွင်ပြင်)
Friday, March 6, 2009
အိုဘယ့် ခြင်္သေ့မြို့တော်
"တီ တီ တီ တီ Door Closing"
ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။
ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။
စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။
ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ "အိုဘယ့် ခြင်္သေ့မြို့တော်"ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို
(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။
(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။
(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။
(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။
(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။
(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။
စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။
ထိုအချက်များသာမကပဲ စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာလည်း နောက်ဆုံးဖွင့်လှစ်သော Singapore Flyerကြီး မကြာခဏစက်ချွတ်ယွင်းမှုကြောင့်လည်းကောင်း၊ Sentosa၊ Underwater worldတို့ထက်ကောင်းသော အပန်းဖြေစရာများသည် အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် တည်ရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများ၏ အဓိက စိတ်ဝင်စားမှုများမှာ ပိရမစ်များ၊ တရုတ်မဟာတံတိုင်းကြီး၊ အန်ကောဝပ်ကျောင်းတော်၊ မြန်မာနိုင်ငံမှ ပုဂံဘုရားများ၊ ဥရောပမှ ရှေးဟောင်းနန်းတော်များ ဖြစ်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေတဖြည်းဖြည်း ဆိုးရွားလာခဲ့၏။
ဤကဲ့သို့ စင်္ကာပူနိုင်ငံ၏အခြေအနေ စတင်ဆိုးရွားချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်ခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံသည် မည့်သည့်စတော့ရှယ်ယာ ဈေးကွက်တွင်မှ ပါဝင်မှုမရှိခြင်း၊ ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အဆက်အဆံမရှိခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်တွင်မပါဝင်ခဲ့ပေ။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရန်အတွက် အဓိကကျသော အချက်မဟုတ်ပေ။ မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ပြန်လည်ရောက်ရှိလာခဲ့သော လူများတွင် ကိုလတ်တို့လို စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသော မြန်မာများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပညာများသင်ယူခဲ့သော ပညာတတ်မြန်မာလူငယ်များလည်း ပါဝင်လေသည်။
ကိုလတ်တို့ စင်္ကာပူတွင် ရှိစဉ်က တစ်ရက်ကို စင်္ကာပူဒေါ်လာ ၁၇ဒေါ်လာသာ ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိမိသားစုကို ပြန်ပို့ရန် မဆိုထားနှင့် တစ်ကိုယ်ရည်သုံးစွဲရန်တောင် အနိုင်နိုင်ပင်။ ထိုကြားထဲ စင်္ကာပူတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခကလည်း လတိုင်းဖြတ်သေးသည်။ ယခုမြန်မာနိုင်ငံရှိပွဲစားများမှာ အလုပ်သမားများထံမှ ပွဲစားခ တစ်ပြားမှမယူပဲ ကုမ္ပဏီများနှင့် နိုင်ငံတော်အစိုးရထံမှ အခကြေးငွေများကိုသာ လက်ခံကြသည်။ ကိုလတ်စင်္ကာပူတွင် နေထိုင်ခဲ့စဉ်က စိတ်အညစ်ဆုံးမှာ သွားရေးလာရေးနှင့် နေထိုင်ရေးပင်ဖြစ်သည်။ သွားရေးလာရေးတွင် အားထားစရာဖြစ်သော SMRTမှာ ရုံးတက်ရုံးဆင်းချိန်တွင် အမြဲပြည့်ကြပ်နေတတ်ပြီး နေထိုင်ရသော HDBအခန်းများမှာလည်း ယခုမြန်မာပြည်တွင်နေထိုင်လျှက်ရှိသော အိမ်နှင့်စာလျှင် အသက်ရှုတော်တော်ကြပ်လေသည်။ ယခုနေထိုင်သော အိမ်မှာ ပေ၅၀ပတ်လည် ခြံဝန်းပေါ်တွင် ၂ထပ်လုံးချင်းတိုက်လေးဖြင့် နေခြင်းဖြစ်၏။
"တီ တီ တီ တီ Next Stop တောင်ဥက္ကလာပ"
တောင်ဥက္ကလာပ ဘူတာရုံသို့ ရောက်သောအချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ လူအများနှင့် စည်ကားနေသည်။
"Nasi Lemark, Nasi Lemark နရာချပ်၊ နရာချပ်၊ Mee Poh, Mee Poh Also နရာချပ်၊ နရာချပ်"
အိမ်အပြန်လမ်းပေါ်ရှိ လမ်းဘေးဆိုင်များတွင် ညဖက်ပိုက်ဆံအပိုလေး ရရန် အလုပ်လုပ်နေကြရရှာသော စင်္ကာပူနိုင်ငံမှ တရုတ်လူမျိုးများကို တွေ့ရသည်။ အင်း Nasi Lamark ပူပူ နွေးနွေးလေး၊ အိမ်က သားနဲ့ သမီးအတွက် တစ်ခုခုတော့ ၀ယ်သွားဦးမှပဲ။ "One Nasi Lemark and one Hokkien Mee, take away" ဆိုပြီး အိတ်ကပ်ထဲမှ လေးရာကျပ်ထုတ်ပေးလိုက်သည်။
"ငါတို့ စင်္ကာပူမှာဆိုရင် အစားအသောက်တွေကို ပြည်ပနိုင်ငံတွေကပဲ တင်သွင်းရတော့ ဘယ်မှာ လတ်ဆတ်မှာလဲ။ ဒီမှာကတော့ ကန်စွန်းခင်းထဲကနေ တစ်ခါတည်းခူးပြီး ဟင်းထဲထည့်ချက်တာ။ စင်္ကာပူကို အဓိက စိတ်ကုန်တာကတော့ မီးပျက်တာပဲကွ။ မီးပျက်လို့ ရေကျတော့ ရှိလားဆိုတော့လည်း မရှိဘူး။ အစိုးရကတော့ သုံးပြီးသားရေတွေကို NEWaterဆိုပြီး Recycleအကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံး ReNEWaterဆိုပြီးတောင် ဖြစ်နေပြီ။ ငါတို့ကတော့ ရွံ့လို့ မသောက်နိုင်ဘူးဟေ့။ နိုင်ငံတစ်နိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးမှ မှန်မှန်ရအောင် မလုပ်ပေးနိုင်တာ အုပ်ချုပ်တဲ့ သောက်အစိုးရကိုပဲ အပြစ်တင်ရမယ်နဲ့တူတယ်။ ပြီးတော့ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ ငါတို့ နေတဲ့ မှော်ဘီဖက်က အိမ်မျိုး ငါ့ဒီတစ်သက် စင်္ကာပူမှာဆို နေနိုင်မယ်တောင် ထင်တာမဟုတ်ဘူး။ အခုလာမယ့် တရုတ်နှစ်ကူးမှာ စင်္ကာပူကို မပြန်ပဲ ငါ့မိသားစုကို မြန်မာနိုင်ငံခေါ်ပြီး Reunionညစာကို အိမ်နောက်ဖေးက ကွပ်ပြစ်လေးမှာ စားမလားမှတ်တယ်ကွာ"လို့ စင်္ကာပူလူမျိုးတွေ မြန်မာပြည်မှာ နေရတာကြိုက်ကြတယ်ဆိုတဲ့အကြောင်းကို အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ စင်္ကာပူလူမျိုးတစ်ယောက်က ဤကဲ့သို့ ပြောပြသည်။ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းလာသော လူအများစုသည် မြန်မာများနေထိုင်သော မြို့ထဲရှိအိမ်များတွင် မနေနိုင်သောကြောင့် မှော်ဘီ၊ ထောက်ကြံ့စသော ရန်ကုန်နှင့် မနီးမဝေးနေရာများတွင် အဓိကနေထိုင်ကြသည်။
အိမ်ပြန်ရောက်တော့ ကိုလတ်၏ သမီးက အပြေးထွက်လာပြီး ကြိုလို့ မိန်းမကတော့ မီးဖိုချောင်တွင် ဟင်းချက်နေရာမှနေ၍ "မောင် ပြန်လာပြီလား၊ အိမ်ရှေ့က သံပရာပင်က သံပရာသီးတစ်လုံးခူးလာခဲ့၊ စားပွဲပေါ်မှာ သကြားနဲ့ ဆားခပ်ထားတဲ့ ရေခဲရေခွက် အဆင်သင့်ပဲ၊ တခါတည်း ညှစ်ပြီး သံပရာရည် အေးအေးလေးသောက်လိုက်"လို့ လှမ်းအော်ဖော်ရသည်။ သံပရာရည် အေးအေးလေး သောက်လိုက်ရင်း အမောဖြေကာ သားကို လှမ်းကြည့်လိုက်တော့ ကိုလတ် စင်္ကာပူတွင် ရိုက်ခဲ့သော ဓါတ်ပုံများကို ကွန်ပျူတာနှင့် ကြည့်နေတာကို တွေ့ရသည်။ စင်္ကာပူမြစ်ဘေးရှိ Merlionရုပ်ကြီးကို နောက်ခံထားပြီး ရိုက်ထားသောပုံ၊ Fullertonဟိုတယ်အရှေ့တွင် ရိုက်ထားသောပုံ၊ Esplanadeလို့ ခေါ်တဲ့ ဒူးရင်းသီးကပွဲရုံကြီးဘေးမှာ ရိုက်ထားတဲ့ပုံတွေ။ Esplanadeဆိုမှ သတိရသည်။ ဟိုတလောက စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အီးမေးလ်မှာ Esplanadeမှာ လာပြမယ့် ပြပွဲတွေ မရှိတော့လို့ အခု ကပွဲရုံမဟုတ်တော့တဲ့အကြောင်း၊ အဲဒီအောက်မှာ ဒူးရင်းသီး အရောင်းဆိုင်တွေနဲ့ အရမ်းကို စည်ကားနေတဲ့အကြောင်းတွေကို ဖတ်လိုက်ရသည်။ သားနဲ့ သမီးက သူတို့အဖေရုန်းကန်ခဲ့ရတဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံကို သွားလည်ချင်ကြသည်။ အင်း . . . ကလေးတွေကို တစ်ခါလောက်တော့ ခေါ်သွားဦးမှ၊ ဒါပေမယ့် ဟိုမှာက ရာသီဥတုကမမှန်၊ နေပူလိုက်၊ မိုးရွာလိုက်နဲ့၊ MRTနဲ့ Busတွေဆိုလည်း အခုနောက်ပိုင်း အဲယားကွန်းမဖွင့်နိုင်တော့ ဒီအတိုင်း အလုံပိတ်ကြီး စီးလို့ ဖြစ်ပါ့မလား၊ ပူစပ်ပူလောင်နဲ့ ဟိုတယ်မှာ မီးပျက်တာတွေ ငါ့ကလေးတွေ ခံနိုင်ပါ့မလား။ အဆိုးဆုံးကတော့ လမ်းဘေးဝဲယာက တချုံးချုံးတချိန်းချိန်းနဲ့ ခုတ်မောင်းနေတဲ့ မီးစက်သံတွေပဲ။ ဆိုပြီး ကလေးတွေအတွက် တွေးပူမိသေးသည်။ အင်း ဘာပဲဖြစ်ဖြစ် စင်္ကာပူကို တစ်ခေါက်လောက်တော့ ပြန်သွားချင်သေးသည်။ ကိုလတ်တို့လို စင်္ကာပူရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြသော ပန်နီဇူလားပလာဇာကြီးကို အဓိက ပြန်သွားချင်တာဖြစ်သည်။ အခုအချိန်မှာ မြန်မာဆိုင်များ မရှိတော့ပေ။ ထိုအဆောက်အအုံကြီးကို မြန်မာအစိုးရက ၀ယ်ခဲ့၍ မြန်မာနိုင်ငံသားများ စင်္ကာပူတွင် အလုပ်လုပ်ခဲ့ကြရပုံများကို အမှတ်တရပြသလို့ထားသည်။ အဲဒီအဆောက်အအုံကိုလည်း နာမည်ပြောင်းထားလိုက်ပြီ။ Peninsula Myanmar Museumတဲ့လေ။ ကဲ . . . ။
ဇင်ကိုလတ်
ဝန်ခံချက်။ ။ စာရေးဆရာမင်းလူ၏ နှလုံးသား ၃၈၀/၅၄ ၀တ္ထုတို စာအုပ်ကို ဖတ်မိပြီး ဤအကြောင်းရေးချင်စိတ်ပေါ်၍ ရေးသားထားခြင်းဖြစ်ပါသည်။







