Burmese Youth Association

Burmese Youth Association

Wednesday, April 1, 2009

မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား

San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင် ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍ အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့် လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။

သင်တန်းမစမီတွင် သင်တန်းသူ၊ သင်တန်းသားလေးများအား “Burma (သို့) Myanmar” ဟုခေါ်သည့် အမိမြေ အကြောင်း “မည်မျှ သိသနည်း၊ ဘာတွေသိထား သနည်း” ဟု အရင် မေးကြည့်ရာ ကျွန်တော် ဘာဆက်ပြောရမှန်း မသိ ဖြစ်သွား၏။ သူတို့၏ ဖြေပုံလေးတွေကို ကြည့်၊ ကြည့်ပါ။ ‘Very Hot’ တဲ့၊ ‘Dirty’ တဲ့၊ ‘Bad Government’ တဲ့၊ ‘Mosquito’ တဲ့၊ ‘Poor People’ တဲ့၊ ကုန်ရော။ “မင်းတို့ ပြောတာတွေလည်း ဟုတ်ပါတယ်၊ ဒါတွေက နောင် အခြေအနေ အရ ကြိုးစားပြီး ပြုပြင်ယူလို့ ရပါတယ်။ နောက် ကောင်းတာတွေလည်း ပြောပြပါဦး” ဟု တိုက်တွန်းတော့မှ ‘A Lot of Pagodas’ ၊ ‘Friendly People’ ၊ ‘Good Food’ တဲ့။ ကျွန်တော်လည်း အဲဒီတော့မှ “တခြား ကောင်းတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုပြီး မြန်မာပြည်၌ သယံဇာတ နှင့် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပုံ၊ ဇီဝ မျိုးကွဲများ စုံလင်ပုံ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် တိုင်းရင်းသား ပေါင်းစုံ ယှဉ်တွဲ နေထိုင်ကြပြီး ကမ္ဘာ့ အဆင့်မီ Civilization များ ထွန်းကားခဲ့ပုံ၊ ဦးသန့် အစရှိသည့် ကမ္ဘာသိ ထူးချွန်ကျော်ကြားသော မြန်မာများ နှင့် ထူးခြား လှပသော နေရာဒေသများ အကြောင်း စသည်ဖြင့် သူတို့ သိနိုင်အောင် ရှင်းပြမိပါသည်။

ဟုတ်ပါသည်။ ကျွန်တော်တို့၏ အမိတိုင်းပြည်တွင် ကမ္ဘာ့ အံ့ဖွယ် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ် နှင့် သဘာဝ နေရာဒေသ များစွာ ရှိပါသည်။ ကျွန်တော်တို့ ကိုယ်တိုင် မသိကြ၍ နှင့် သူများသိအောင် ပြန်မပြောတတ်၍သာ တိမ်မြုပ် သလို ဖြစ်နေခြင်း ဖြစ်ပါသည်။ တစ်ချို့တော့ ကြားမိလိုက်ကြမည် ထင်ပါသည်။ 2007 July တုန်းက New 7 Wonders အဖွဲ့  ကြီးမှ ကြီးမှူး၍ ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းသစ်ကို ကမ္ဘာ့ လူသား သန်းပေါင်း ရာကျော်၏ Internet ဆန္ဒမဲများဖြင့် ရွေးချယ် သတ်မှတ်ခဲ့ကြရာတွင် မြန်မာပြည်မှ ပုဂံ နှင့် ရွှေတိဂုံ စေတီတော် တို့မှာ Nominate လုပ်မည့်လူပင် မရှိ၍ ဆန်ခါတင် စာရင်း မပြော နှင့် Nominee စာရင်းတွင်ပင် မပါခဲ့ရပါ။ ကျွန်တော်လည်း Yahoo News ထဲတွင် ကမ္ဘာ့ အံ့ဖွယ် နောက်ဆုံး ဆန်ခါတင် (၂၁) နေရာစာရင်း ကို ရွေးချယ်ပြီးကြောင်း သတင်းပါလာတော့မှသာ နောက်ကျစွာ သိခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေရာ၊ အခွင့်အရေးသာ ရခဲ့ပါက ကမ္ဘာ့ အံ့ဖွယ် (၇) သွယ် စာရင်း၌ ထိုက်ထိုက်တန်တန် တစ်နေရာ ရခဲ့လိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။ မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေကြောင်း Internet Search လုပ်ကြည့်လျှင် ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။

ဒါတွေထားပါတော့၊ အသိ နောက်ကျသည့် ကျွန်တော်တို့ ဘာသာပင် အပြစ်တင်ရပါမည်။ ဒါ့အပြင် ယခုအခါတွင် ကျွန်တော်တို့ မြန်မာများ အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ရလာပါပြီ။ ဒါကတော့ New 7 Wonders အဖွဲ့ သည် နောက်ထပ် ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာ မြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ လူသားများသည် ထို (၂၆၁) ခု စာရင်းဝင် နေရာများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်ပြီး မဲ အများဆုံးရသော ထိပ်ဆုံး (၇၇) နေရာ သည်သာ နောက်ဆုံး အံ့ဖွယ် (၇) သွယ်နေရာ အတွက် ထပ်မံ ရွေးချယ်ခံခွင့် ရရှိမည် ဖြစ်ပါသည်။

မြန်မာပြည်၌ စိတ်ဝင်စားဖွယ် သဘာဝနေရာ များစွာရှိသည့် အနက် မြိတ်ကျွန်းစု ကိုမှ သူတို့ ဘာကြောင့် ရွေးချယ်ထား သနည်း ဟု Internet များထဲတွင် လေ့လာကြည့်မိသည်။ အဲဒီတော့မှ လား…၊ လား…၊ ကျွန်တော် မသိခဲ့ဖူးသော မြိတ်ကျွန်းစု၏ အလှနှင့် ထူးခြားချက်များကို အခြား လူမျိုးတို့ ရေးထားတော့မှ သွားသိရသည်။

မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု (World’s Last Archipelago) တဲ့၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်တဲ့၊ ယခင်က ယိုးဒယား နိုင်ငံမှ Similan ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီတဲ့၊ မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို မကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီတဲ့၊ ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ Sea Gypsies ခေါ် ဆလုံ တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါသည်။ အံ့ဖွယ် မြိတ်ကျွန်းစု အတွက်၊ အမိမြေ၏ သဘာဝ အလှအပများ အတွက် ကျွန်တော် ဂုဏ်ယူမိပါသည်။ အကယ်၍ မြိတ်ကျွန်းစုသာ ထိပ်ဆုံး ဆန်ခါတင် (၇၇) နေရာ စာရင်းတွင်သာ အရွေးချယ်ခံရပါက မည်မျှ အားရဖွယ် ကောင်းလိမ့်မည်နည်း ဟုလည်း တွေးတော အိပ်မက် မက်မိပါသည်။

သိပ်တော့ မလွယ်လှပါ။ New 7 Wonders of Nature ရွေးချယ်ပွဲအား လေ့လာကြည့်မိရာ မိမိတို့ နိုင်ငံမှ နေရာများကို အဓိက Vote ကြသည့် ကမ္ဘာ့ နိုင်ငံစုံ မျိုးချစ်စိတ်ဓာတ် ပြိုင်ပွဲသဖွယ် ဖြစ်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်တို့ မြန်မာတွေရော မျိုးချစ်စိတ် မည်မျှ ရှိကြမည် မသိပါ။ လူဦးရေ များပြားလှသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်ပင် သူတို့၏ နိုင်ငံ ကိုယ်စားပြု သဘာဝ အံ့ဖွယ်များကို မဲပေးကြရန် အတွက် အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် အဖြစ် နိုင်ငံပိုင် Media များမှပင် လှုံ့ဆော်နေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံပိုင် Media များကတော့ တခြား အရေးကြီးသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေကြတုန်း ရှိပါဦးမည်။ မကြာသေးမီက တောင်အမေရိကမှ အလည်ပြန်လာခဲ့သော မြန်မာ မိတ်ဆွေ တစ်ဦးကလည်း ပြောပါသည်။ ဘရာဇီး နှင့် အာဂျင်တီးနားမှ လူများသည်လည်း သူတို့၏ နာမည်ကျော် Iguazu ရေတံခွန်ကြီးအား ကမ္ဘာ့ အံ့ဖွယ် အဖြစ် မဲပေးကြရန် ခရီးသွား ဧည့်သည်များကို တိုက်တွန်းသည့် Campaign များ ပြုလုပ်နေကြပြီတဲ့။

ဒီလိုဆို ကျွန်တော်တို့ နိုင်ငံကရော။ ချစ်လှစွာသော အမိမြေ၏ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်မှာ Email နှင့် Internet သုံးရန် မဆိုထားဘိ၊ Computer ပင် ကောင်းကောင်း မကိုင်ဖူးကြရာ မြိတ်ကျွန်းစု အတွက် လိုအပ်သော မဲများရရန် အားလျော့မိပါသည်။ သို့သော် မြန်မာပြည် ပြင်ပ၌ ရောက်နေကြသော မြန်မာ လူမျိုးများ သန်းပေါင်းများစွာ ရှိပါသည်။ အမေရိကား၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဂျမေကာ၊ အာရပ် နှင့် အာဖရိက စသည့် နိုင်ငံများ အားလုံးတို့မှ မြန်မာများ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း မဲပေးကြမည် ဆိုလျှင် ကျွန်တော်တို့၏ အမျိုးသား ရတနာ မြိတ်ကျွန်းစု အတွက် အခွင့်အရေး တစ်ခု ရှိနိုင်ပါသေးသည်။ မိမိတို့၏ အချိန် ၁ မိနစ်ဆို၊ ၁ မိနစ် ကလေးခန့်သာ ကြာပါသည်။ www.new7wonders.com သို့ သွား၍ Asia ၊ Mergui Archipelago (Myanmar) ကို ရွေးလိုက် ရုံသာ ဖြစ်ပါသည်။

ယခုအခါလို မြန်မာလူမျိုးတို့၏ နိုင်ငံ နှင့် အခြေအနေ အဘက်ဘက်မှ နိမ့်ကျနေချိန်တွင် မိမိတို့၏ အမျိုးသား ဂုဏ်ကို မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ် မြှင့်တင်ဖို့ ကျွန်တော်တို့ အားလုံး အားထုတ်သင့်ပါသည်။ မျက်မှောက်ကာလတွင် မြိတ်ကျွန်းစုအား ထိန်းသိမ်း စောင့်ရှောက်ရေးထက် သူဌေးကျွန်း စသည့် နေရာများတွင် ကြယ်ငါးပွင့် ကာဆီနို ရုံကြီးများ ဖွင့်၍ နိုင်ငံခြားငွေ ရရှိရေးကိုသာ အလေးပေးနေရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ၏ အာရုံစိုက် ပံ့ပိုးမှုကိုသာ စောစောစီးစီး မရခဲ့လျှင် မြိတ်ကျွန်းစု၏ အနာဂတ် အတွက် ရင်လေးစရာသာ ဖြစ်တော့သည်။ ပြည်တွင်း၊ ပြည်ပ ဘယ်မှာပဲ ရောက်နေနေ မြန်မာတို့ စုစည်း အင်အားပြကြဖို့ အချိန်ကျပါပြီ။ Email Account (၁) ခု ရှိလျှင် (၁) မဲ ပေး၍ ရပါမည်။ ပြည်ပရောက် မြန်မာတိုင်း၌ မရှိဘူးဆိုလျှင်တောင် Email (၂) ခု၊ (၃) ခု ရှိကြပါသည်။ မြန်မာပြည်၌ Internet မသုံးနိုင်သူပေါင်း သန်း (၅၀) ကျော် ရှိပါသည်။ သူတို့ အားလုံး၏ ကိုယ်စား မိမိတို့၌ ရှိသမျှ Email များဖြင့် Vote ပေးကြပါ။ လူလည်ကျသည် မဟုတ်ပါ။ တခြား လူမျိုးများလည်း ဒီအတိုင်း လုပ်မည် ဖြစ်ပါသည်။ မြိတ်ကျွန်းစုသည် ယခုအခါ (၂၆၁) နေရာ ရှိသည့် အနက် အဆင့် (၁၉၆)၊ ကျွန်းစု အမျိုးအစား အနေနှင့် ဆိုလျှင် အဆင့် (၂၈) ၌သာ ရှိနေပါသည်။ အားလုံး ဝိုင်း Vote ကြလျှင် အဆင့် (၇၇) အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပါလိမ့်မည်။ အချိန် (၃) လခန့်သာ ရှိပါတော့သည်။ အချိန်မဆိုင်းဘဲ ချက်ချင်းသွား၍ Vote ကြစေလိုပါသည်။ ကိုယ်တိုင်လည်း Vote ပါ။ မိသားစု နှင့် သူငယ်ချင်းများကိုလည်း တိုက်တွန်းပါ။ ရှိသမျှ နိုင်ငံစုံမှ မိတ်ဆွေများအားလည်း Email Forward လုပ်ပါ။

ကျွန်တော်တို့ မြန်မာပြည်၏ တိုင်းရင်းသား ပြည်သူများ အတွက်၊ အမိမြေ၏ သဘာဝအံ့ဖွယ် အလှအပ အတွက်၊ ညှိုးနွမ်းနေခဲ့ရသော ကျွန်တော်တို့၏ အမျိုးသား ဂုဏ်သိက္ခာများ အတွက်၊ တောက်ပဆဲ မြန်မာတို့၏ အနာဂတ် အိပ်မက်များ အတွက် သဘာဝ အတိုင်း လှနေသည့် မြန်မာ့ မြိတ်ကျွန်းစု - Mergui Archipelago - ကို ပိုမို ထွန်းပအောင် Vote ပေးကြပါလို့သာ မေတ္တာရပ်ခံ တိုက်တွန်း ရေးသား လိုက်ရပါသည်။ အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။

မောင်ရဲခေါင် (ဆီလီကွန် လွင်ပြင်)

No comments:

Post a Comment